မြစ်ကြီးနားမြို့၌ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၂)စေလွှတ်နိုင်ရေး ဆန်းစစ်ရွေးချယ်ပွဲကျင်းပ

မြစ်ကြီးနား ဇူလိုင် ၁၇

ကချင်ပြည်နယ် ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာဦးစီးဌာန ပြည်နယ်တွင်း အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် ကာယ(ဆရာ/မ)များ အရည်အသွေး တိုးတက်မြင့်မားစေရေး နေပြည်တော်ကောင်စီနယ်မြေတွင်ဖွင့်လှစ်မည့် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၂)တွင် တက်ရောက်ခွင့်ရရှိမည့် ဆရာ/မများအား ဆန်းစစ်ရွေးချယ်ပွဲကို ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် ပြည်နယ် ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ကာယပညာနှင့်အားကစား အခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၂)သင်တန်း တက်ရောက်ခွင့် ဆန်းစစ်ရွေးချယ်ပွဲသို့ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် (၈)ခုမှ အရည်အချင်း ပြည့်မီသည့်ဆရာ/မ(၁၇)ဦး လာ‌ရောက်စစ်ဆေးခံရာ ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (ကာယ/ကျောင်းကျန်းမာ) ဆရာဦးခင်မောင်ရီနှင့် တာဝန်ရှိသူများက မီတာ (၁၀၀/၄၀၀/၈၀၀) အပြေး၊ အိပ်ထမတင်၊ လက်ထောက်တွန်းတင်၊ ရပ်လျက်ခုန် ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးများအား စစ်ဆေး၍ အမှတ်ပေးရွေးချယ်ခဲ့ကြသည်။

အဆိုပါ လူတွေ့ဆန်းစစ်ရွေးချယ်ပွဲသို့ ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဒေါ်ခင်နှင်းဦးနှင့် တာဝန်ရှိသူများက လာရောက်စစ်ဆေးကြပြီး ကာယပညာနှင့်အားကစားအခြေခံနည်းပြ သင်တန်းအမှတ်စဉ် (၂၂)သင်တန်းတွင် ပြည်နယ်ကိုယ်စားပြု ဆရာ/မ (၅)ဦး ရွေးချယ်စေလွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)