မိုးညှင်း ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ဝါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ဝါးစိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဝါးစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးညီညီလွင်က အမှာစကားပြောကြားရာ၌ သဘာဝအတိုင်း ပေါက်ရောက်သည့် ဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် ဝါးမျိုးများကို မိုးညှင်းခရိုင် အတွင်း စိုက်ပျိုးသွားရန် ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ယခင်နှစ်က ခရိုင်အတွင်း (၂၅)ဧကစမ်းသပ်စိုက်ပျိုး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်ထက် ထပ်မံတိုးချဲ့စိုက်ပျိုးသွားရန်နှင့် ဝါးလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးထားရှိပြီးသော ဝါးပင်များစာရင်းကို သက်ဆိုင်ရာ မြို့နယ်များနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန်၊ သစ်တောဦးစီးဌာနမှလည်း ဝါးစိုက်ပျိုးလိုသည့် တောင်သူများနှင့် လုပ်ငန်းရှင်များ မြေနေရာရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်၊ ဝါးစိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ဝါးမျိုးများနှင့် နည်းပညာ ကောင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ချိတ်ဆက်ပြီး ပံ့ပိုး ကူညီဆောင်ရွက်သွား စေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသည့် ၎င်းကော်မတီဝင်များနှင့်လုပ်ငန်းရှင်များမှလည်း ဝါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် အလျင်အမြန် အကောင်အထည်ဖော် စိုက်ပျိုးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များမှ အသီးသီး ဆွေးနွေးကြရာ ခရိုင်ဝါးစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပူးပေါင်း ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း