ရန်ကုန် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ မြေညီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အင်းစိန်မြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုစန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ရန္မိုးအောင်(အင်းစိန်)က အာဇာနည်နေ့အကြောင်း ကဗျာရွတ်ဆိုခြင်းဖြင့်လည်းကောင်း၊ စာရေးဆရာ ဒေါက်တာ ဗိုလ္သံမဏိ-တောင်တွင်းကြီးက အာဇာနည်စိတ်ဓာတ်ဆိုင်ရာ အကြောင်းအရာများကို အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် စာရေးဆရာ ဒေါက်တာ ဗိုလ္သံမဏိ-တောင်တွင်းကြီးက ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသစသည့်စာအုပ်များကို လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)