ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါပုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုထိန်းချုပ်နိုင်ရေး လုပ်ငန်းစဥ်များ လမ်းညွှန်မှာကြား

ဒေါပုံ ဇူလိုင် ၁၇

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ဒေါပုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံကာ လုပ်ငန်းစဥ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက ဒေါပုံမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်တာဆီးနိုင်ရေးအတွက် ရပ်ကွက် ၁၄ ခုတွင် ရပ်ကွက်တစ်ခုလျှင် အစုအဖွဲ့ ဖွဲ့စုဖွဲ့၍ လမ်းအလိုက်၊ အိမ်ထောင်စုအလိုက် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ထားသည့် လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဒေါပုံမြို့နယ်အနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိခဲ့သည့်အတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဥ်များကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားမှုရှိလျှင် အချိန်တိုအတွင်း သိရှိနိုင်စေရေးအတွက် စီမံဆောင်ရွက်ထားဖို့ လိုအပ်ကြောင်း၊ ရပ်ကွက်များအတွင်းရှိ အိမ်ထောင်စုများအလိုက် ရေသုံးစွဲမှုကိုအဓိကထား၍ ကလိုရင်းပေါင်ဒါမှုန့်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက စနစ်တကျဖျော်ဆပ်ပြီး အိမ်တိုင်ရာရောက် လိုက်လံခပ်ပေးရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်များမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းကိုပါ ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း၊ ရပ်ကွက်များအလိုက် ဆောင်ရွက်ရာတွင် ဖြစ်ပေါ်နိုင်သည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းက ဆွေးနွေးပြောကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းက ဆက်လက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)