မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(မန္တလေးတိုင်းဒေသကြီး)မှ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး စကားဝိုင်များကျင်းပ

ကျောက်ဆည်  ဇူလိုင်  ၁၇

ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးများနှင့် စမ်းသပ်သုံးစွဲမှုမရှိစေရေး မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(မန္တလေးတိုင်းဒေသကြီး)မှ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကွင်းဆင်း၍ အသိပညာပေးဟောပွဲများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း စုဝေး ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးစကားဝိုင်းတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မန္တလေး တိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးမြင့်ဆွေ ရဲမှူးကြီး(ငြိမ်း)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) ဒုတိယဥက္ကဋ္ဌ ဒေါ်သန္တာဘုန်းဝင်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထွန်းမော်၊ အဖွဲ့ဝင် ဦးအောင်ကျော်စွာ၊ ဦးစိုးညီညီဝင်း၊ ဒေါ်သဲဇာခြည်မောင်တို့က ဦးဆောင်ပြီး မူးယစ်ဆေးဝါး စတင်ပေါ်ပေါက်လာပုံနှင့် မူးယစ်ဆေးဝါး၏ အဓိပါယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ လူငယ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ အမျိုးသမီးများနှင့် မူးယစ်ဆေးဝါးဆက်နွယ်နေမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပွားနေသည့် နောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍ ပြဋ္ဌာန်းထားသည့်ဥပဒေများ စသည့် အကြောင်း အရာများကို ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(မန္တလေးတိုင်းဒေသကြီး)မှ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းအတွက် မူးယစ်ဆေးဝါးအကြောင်းများနှင့်ပတ်သတ်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းတည်ထောင်သူ ဒေါ်သင်းပျံကြူထံသို့ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ချုပ် သူဆရာမကြီး ဒေါ်နွယ်နွယ်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနား အပြီးတွင် စုပေါင်းမှတ်တမ်းများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)