ပျော်ဘွယ် ဇူလိုင် ၁၇
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိနှင့်စကားပုံဆက်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာပေများကိုဖတ်ရှုတတ်သည့် အလေ့အကျင့်များရရှိစေရေး၊ အမှားအမှန်ကို ကောင်းမွန်စွာဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။
အဆိုပါပြိုင်ပွဲတို့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၁၅)ဦး၊ အလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)