နောင်တရား ဇူလိုင် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသထွက် ရာသီစာ သစ်တော်သီးများ လျော့နည်းပြီး ဈေးနှုန်းကောင်းမွန်လျက်ရှိကြောင်း သစ်တော်သီးဥယျာဉ်ခြံစိုက် တောင်သူတစ်ဦးက ပြောသည်။
“ယခုလမှာ သစ်တော်သီးစခူးနေပါပြီ စားလို့အရမ်းကောင်းတဲ့အချိန်ပေါ့ သစ်တော်သီးကို စိတ်ချစွာစားသုံးနိုင်ပါတယ် ဆေးဖြန်းတာတွေမရှိဘူး အော်ဂဲနှစ်အသီးလို့တောင် ပြောလို့ရပါတယ်၊ သစ်တော်သီးကို မိုးဝင်စမှာ ရင့်မှည့်တာလဲရှိပါတယ် ဒါပေမဲ့ မိုးဝင်စအချိန်မှာ အသီးထဲမှာ ပိုးတွေရှိတက်ပါတယ် ပြီးတော့ ရင့်မှည့်မှုမရှိရင် ဝမ်းမကောင်းတာတွေ ဖြစ်တက်ပါတယ် ယခုအချိန်မှာတော့ သစ်တော်သီးတွေများသောအားဖြင့် ရင့်မှည့်ကုန်ပါပြီ ရာသီစာသီးနှံလို့ ပြောလို့ရပါတယ် ဒီအချိန်မှာ ထွက်တဲ့သစ်တော်သီးက အတော်ချိုပါတယ်” ဟု ကျောင်းနားကျေးရွာမှ သစ်တော်သီးစိုက်တောင်သူတစ်ဦးက ပြောသည်။
နောင်တရားဒေသထွက် သစ်တော်သီးများကို အောင်ပန်းကုန်စည်ဒိုင်နှင့် ရန်ကုန်သီရီမင်္ဂလာဈေးသို့ တင်ပို့ရောင်းချပြီး ဈေးနှုန်းအားဖြစ် သစ်တော်သီး အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၁၃၀၀ မှ ကျပ် ၂၅၀၀ အထိ အရောင်းအဝယ်ပြုလုပ်ကြသည်။ သစ်တော်သီးကို ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူးရှယ်ဟု အမျိုးအစားအမျိုးမျိုးခွဲခြားထားကာ စားသုံးသူအကြိုက်ကိုလိုက်၍ ရောင်းချလျက်ရှိပြီး အအေးဓာတ်လျော့နည်းလာခြင်းကြောင့် သစ်တော်သီးအထွက်နှုန်းမှာ ၂၀၂၃ ခုနှစ်ထက် သစ်တော်သီးအထွက်နှုန်း လျော့ကျခဲ့ကြောင်း အဆိုပါ ဥယျာဉ်ခြံစိုက်တောင်သူက ပြောသည်။ နောင်တရားဒေသတွင် ဥယျာဉ်ခြံသီးနှံအဖြစ် သစ်တော်သီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ စမ်းကစ်သီးများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)