ကျေးရွာစာကြည့်တိုက် အောင်မြင်စွာ ဆောက်လုပ်ဖွင့်လှစ်နိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျေးရွာအုပ်စုများအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော စာကြည့်တိုက်များ ဆောက်လုပ်နိုင်ရေးအတွက်   မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (မိုင်းဇင်း) အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံမြို့၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင် ကျေးရွာနေပြည်သူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှု့၍ အမှား၊ အမှန် ခွဲခြားတတ်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်ပေးလျက်ရှိရာ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ မူ(၃)ချက်နှင့် ကိုက်ညီသော ကျေးရွာများတွင်  ရေရှည်ဖွံ့ဖြိုးတိုးတက်သော စာကြည့်တိုက်များဆောက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများကလည်း မိမိတို့ရပ်ကွက်ကျေးရွာအတွင်း ပြည်သူအကျိုးပြုစာကြည့်တိုက်များ အောင်မြင်စွာ ဆောက်လုပ်ဖွင့်လှစ်သွားနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က ပြန်လည်ရှင်းလင်းပေးခဲ့ပြီး မိုင်းဇင်းကျေးရွာအုပ်စုအတွင်း စာကြည့်တိုက်ဆောက်လုပ်မည့် မြေပြင်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)