မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာ(အ−လ−က)ကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

မက်မန်း ဇူလိုင် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာ(အ−လ−က)ကျောင်းတွင် သွားရောက်ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)က “ဗလငါးတန်နှင့်ပြည့်စုံပြီးအကျင့်စာရိတ္တကောင်းမွန်၍ အသိဉာဏ်ပညာဖွံ့ဖြိုးသူများဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးသွားရန်လိုအပ်ပါကြောင်း၊ ကျောင်းသားလူငယ်များဟာ လူ့အသိုင်းအဝိုင်းတွင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန်လေးစားမှုတို့နှင့် နေထိုင်ပြောဆိုဆက်ဆံကြပြီး စဉ်းစားဆင်ခြင်မှု၊ အသိဉာဏ်ပညာများနှင့် ကြိုးစားအားထုတ်သွားကြမည်ဆိုပါက ဘဝတွင်အောင်မြင်မှုများကို ရရှိနိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့၏ ပင်ကိုယ်အရည်အသွေးကို မြှင့်တင်သည့်လုပ်ငန်းများကို ဆောင်ရွက်ကြရန်နှင့်နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်၊ ကိုယ်ကျင့်တရားကို တန်ဖိုးထားသည့်စိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ တီထွင်ဖန်တီးထိုးထွင်းဆောင်ရွက်လိုစိတ်ရှိရန် လိုအပ်ပါကြောင်း” ဟောပြောခဲ့သည်။

လူငယ်ရေးရာဟောပြောပွဲအခမ်းအနားတွင် ဆွတ်ဝိုး(အ−လ−က)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဝင်း၊ ဆွတ်ဝိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမှူးလိန်၊ ကျေးရွာသူ၊ ကျေးရွာသားနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၈၀)ဦး တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)