ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကျိုင်းတုံ ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်သား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သော အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(မိုင်းဇင်း)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျိုင်းတုံမြို့၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်နှင့် ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်တို့က ကျောင်းသား၊ ကျောင်းသူများ အသိအလိမ္မာနှင့် ပညာဗဟုသုတများ ရရှိနိုင်စေရေး စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အမှား၊ အမှန် ခွဲခြားတတ်ပြီး အသိပညာများရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ၊ ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း စာပေများဖတ်ရှု၍ လူကုန်ကူးမှုဖြစ်စဉ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ရှောင်ရှားစေနိုင်မည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/သူများကို မူးယစ်ဆေးဝါးဆိုးကျိုးများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံများပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)