ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် မိုင်းခတ်မြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

မိုင်းခတ် ဇူလိုင် ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယမန်နေ့ ညနေ(၃)နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် အ.ထ.က(မိုင်းခတ်)မှ ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျောင်းအခြေအနေများ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြပြီး ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးက ဒေသဆိုင်ရာအချက်အလက်များတင်ပြရာတွင် မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်မီးအခြေအနေများကို တင်ပြခဲ့သည်။ ယင်းနောက် ဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ၊ စာဖတ်ရှိန်မြှင့်တင်‌ရေးကဏ္ဍများ၊ အားကစားကဏ္ဍနှင့် ပညာ‌ရေးကဏ္ဍမြှင့်တင်ရေးတွင် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသော မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)