မိတ္ထီလာ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ မိုးမြေပဲစိုက်ဧက ၁၉၁၅ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ဧက ၅၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်တွင်းစားသုံးဆီဖူလုံပြီး စားအုန်းဆီတင်သွင်းမှုလျော့ချနိုင်ရေး ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ပံ့ပိုးကူညီလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆီထွက်သီးနှံများဖြစ်သည့် နေကြာနှင့် မြေပဲသီနှံများကို မိုးဦးနှင့် မိုးနှောင်းရာသီ (ဆောင်းရာသီ)တို့တွင် စိုက်ပျိုးလျက်ရှိကြပြီး နှမ်းသီးနှံကို နွေရာသီ၊ မိုးဦးနှင့် မိုးနှောင်း(ဆောင်းရာသီ)တို့တွင် စိုက်ပျိုးကြသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ဆီထွက်သီးနှံများ ဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့အနက် မြို့နယ်အတွင်း၌ မြေပဲစိုက်ဧက ၁၉၁၅ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားခဲ့သည်။
အဆိုပါ မိုးမြေပဲ သတ်မှတ်လျာထားစိုက်ဧက ၁၉၁၅ ဧကအနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်း၌ မြေပဲသီးနှံကို ဇရပ်ကုန်း၊ သံဘို၊ အုံတုံ၊ ရေဝေ၊ ရှမ်းမငယ်၊ မယ်ဇလီကုန်း၊ မုန်တိုင်၊ အိုင်ကြီးလည်၊ ဆည်အောင်၊ မွေ၊ ကြွယ်ကန်၊ ကန်တောင်၊ အင်း၊ အရာတော်၊ ရေချို၊ လိန်တော၊ ညောင်ဇောက်၊ လျှော်ဖြူကန်၊ ကွက်ငယ်ကျေးရွာအုပ်စုများရှိ ကွင်း ၅၅ ကွင်းမှ တောင်သူ ၃၅၀ ဦးက စိုက်ဧက ၅၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)