သထုံမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်‌ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းဆောင်ရွက်

သထုံ ဇူလိုင် ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် အပတ်စဉ်‌ ကျန်းမာရေးစစ်‌ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (ဦးဖြူ) အခြေခံပညာမူလတန်းကျောင်းနှင့် (မရမ်းချောင်) မူလွန်ကျောင်းတို့၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စိုးလှိုင်က ဝမ်းပျက်ဝမ်း‌လျှောရောဂါ သတိပြုကာကွယ်ရေးနှင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားအောင် ဂရုပြုနေထိုင်ရမည့်အချက်များ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၏ အကျိုးကျေးဇူးများ၊ လက်ဆေးခြင်းနှင့် လက်ကို သန့်ရှင်းစင်ကြယ်စွာ ထားရှိခြင်း၏အကျိုးကျေးဇူးများ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင် သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးဟောပြောပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၏ နား၊ မျက်စိ၊ ခံတွင်းနှင့် သွား၊ ခြေသည်း၊ လက်သည်းများကို တစ်ဦးချင်းစစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)