တိုက်ကြီးမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

တိုက်ကြီး ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နှင့်အဖျောက်မြို့ရှိ ပြည်သူများအား ကွင်းဆင်းအသိပညာပေးဆောင်ရွက်ကြောင်း သိရသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက မြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အသိပညာပေးဟောပြောသည်။ အဆိုပါဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးစိုးမိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်သည်။

ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် တိုက်ကြီးမြို့မဈေး အတွင်း/အပြင်၌ ဈေးဆိုင်များတွင် လုံခြုံစွာဖုံးအုပ်ရောင်းချခြင်းရှိ/မရှိ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိတို့ကို အသိပညာပေးပြီး ပြည်သူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ နေ့လယ် ၁၁ နာရီ မိနစ် ၄၀ တွင် ရှမ်းစုရပ်ကွက်၊ ရှမ်းကျောင်းကြီးဘုန်းတော်ကြီးကျောင်း၌ သောက်ရေအိုးများအတွင်း Water Guard ဆေးထည့်ခြင်း၊ ကုဋီများပတ်ဝန်းကျင်၌ ထုံးများဖြူးခြင်းများဆောင်ရွက်ခြင်းကို ကြည့်ရှုအားပေးပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ မုန့်ဈေးတန်းတွင် လုံခြုံစွာဖုံးအုပ်ရောင်းချစေရေး အသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောသည်။

မွန်းလွဲ ၂ နာရီတွင် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ် (၄)ရပ်ကွက် ပိတုန်းပိတ်ကျေးရွာတွင် ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီမြစ် ကမ်းပြို၊ ကမ်းစားအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ကမ်းပတ်တာများ ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အဖျောက်တိုက်နယ်ဆေးရုံတွင် အမွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးအား ထောက်ပံ့ငွေများပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ အမှတ်(၄)ရပ်ကွက် လိန်ပင်လမ်းဆုံ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များကို ပြည်သူများအား အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)