စစ်တွေ ဇူလိုင် ၁၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၄) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ကြရန်နှင့် မိမိဌာန၊ မိမိရုံး၊ မိမိတို့လုံခြုံမှုကိစ္စများကို အထူးအလေးထားဆောင်ရွက်ကြရန်၊ ဒေသခံပြည်သူများ၏ စားရေရိက္ခာဖူလုံရေး အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းကာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အချို့တို့တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ သို့သော်လည်း လုပ်ဆောင်နိုင်သည့်ဒေသများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးအနေဖြင့်ဆိုလျှင် စိုက်ဧကပြည့်မီစွာ မစိုက်ပျိုးနိုင်သော်လည်း အထွက်ကောင်းသည့် မျိုးကောင်းမျိုးသန့်စပါးများကို စိုက်ပျိုးသွားရမည် ဖြစ်ကြောင်း၊ ထို့ပြင် ပညာရေးမြှင့်တင်မှုကိစ္စရပ်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးကိစ္စရပ်များ၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အဆင့်မြှင့်တင်နိုင်ရေးအတွက် အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များကို အဆင့်မြှင်တင်ခြင်း၊ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတက်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများကိုလည်း ထိုက်ထိုက်တန်တန် ဆုချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေး၊ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမည် ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ရသော မြို့နယ်များနှင့် မြို့များမှ စစ်တွေမြို့သို့ ရောက်ရှိနေသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူနေမိသားစုများသည် မိမိတို့ ပြည်နယ်ရုံးများတွင် ဆက်သွယ်အကြောင်းကြားပြီး ရုံးတက်ရောက်ကာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများကလည်း ဝန်ထမ်းများ၏ လိုအပ်ချက် များကို ကူညီဆောင်ရွက်ပေးကာ ဝန်ထမ်းများကို ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဆန်နှင့် အခြားသောစားရေရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူများစိုးရိမ်မှုမရှိအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနီးကပ်ပူးပေါင်းပြီး အကောင်းဆုံးကြိုးစားစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ကုန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါးများ၊ စားရေရိက္ခာများနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ရေလမ်းကြောင်းမှသယ်ယူ ပို့ဆောင်ဖြည့်တင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါတွင်းကာလရောက်ရှိလာမည်ဖြစ်သည့်အတွက် ဆရာတကာဘုန်းတော်ကြီးကျောင်းများတွင် သက်ဆိုင်ရာဌာနများက သွားရောက်လှူဒါန်းခြင်းများကိုလည်း မိမိတို့ဌာနအလိုက် ကုသိုလ်ဒါပြု ဆွမ်းဆန်တော်များကို သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးတင်ပြကြမည့် ဌာနဆိုင်ရာများကလည်း မိမိတို့ဌာနအလိုက် အကြံပြုဆွေးနွေး တင်ပြကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရုံးများသန့်ရှင်းသာယာရေး၊ လုံခြုံရေး၊ ဝန်ထမ်း များခရီးသွားလာရေး၊ ပညာရေး၊ စီးပွားရေး၊ အခွန်အခများပြည့်မီစွာကောက်ခံရရှိနိုင်ရေး စသည့်ကဏ္ဍများကို မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က မိမိတို့ဌာနအလိုက် ဝန်ထမ်းများတာဝန်ထမ်းဆောင်နေမှု၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်မေးမြန်းဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)