မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားတက်ရောက်

မော်လမြိုင် ဇူလိုင် ၁၆

၂ဝ၂၄ ခုနှစ် တိုင်းဒေသကြီး၊ ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်သည်။

ရှေးဦးစွာ မွန်ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝပြုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် နယ်ပယ်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းမှ အားကစားသမားများကို မြို့နယ်အသီးသီးရှိ ထူးချွန်သူများကို စနစ်တကျ ရွေးချယ်ထားပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် နည်းစနစ်ပိုင်းဆရာများ လေ့ကျင့်မှုများ ပြုလုပ်ထားသည့်အတွက် အောင်မြင်မှုများရရှိကြလိမ့်မည်ဟု မျှော်လင့်မိကြောင်း၊ ပြည်နယ်ကိုယ်စာပြု အမျိုးသားဘောလုံးအသင်းအတွက် အဖက်ဖက်မှ လိုလေ‌သေးမရှိအောင် ပံ့ပိုးထောက်ပံ့ပေးထားသလို အောင်မြင်မှုများ ရရှိလာပါကလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် ပြည်နယ်ဂုဏ်ကို မြှင့်တင်ရေး စွမ်းစွမ်းတမံကြိုးစား ယှဉ်ပြိုင်ပေးကြရန်နှင့် နိုင်ငံတော်အတွက် အားထားရမည့် ထူးချွန်သည့် မျိုးဆက်သစ် အားကစားကောင်းများကို မွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၄ ခုနှစ် တိုင်းဒေသကြီး၊ ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ မွန်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ၂ဝ၂၄ ခုနှစ် တိုင်းဒေသကြီး၊ ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေအားလည်းကောင်း၊ အသင်းနည်းပြချုပ်မှ အမျိုးသားဘောလုံးအသင်း အောင်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးမှုအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၄ ခုနှစ် တိုင်းဒေသကြီး၊ ပြည်နယ်အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်းမှ အားကစားသမားများကို ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)