ကျိန္တလီ ဇူလိုင် ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၇)နှစ်မြောက်အာဇာနည်နေ့(အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နေ့လယ်ပိုင်းအချိန်က အ.ထ.က ကျိန္တလီကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အ.ထ.က ကျိန္တလီကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်း ကြောင်း၊ လွတ်လပ်ရေးရရှိအောင် အသက်ပေးလှူခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကိုမမေ့ကြရန် အထူးလိုအပ်ကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူအာဇာနည် (၉)ဦး၏ အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရ သည်။
ကျိန္တလီ(ပြန်/ဆက်)