မဟာအောင်မြေ ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဦးစီးမှူးက လူငယ်နှင့်အားကစား အကြောင်းသိကောင်းစရာများကို ဟောပြောသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ကျောင်းသား/သူများအား စာပေနှင့်ပတ်သက်၍ ပြောကြားရာတွင် ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အားလပ်တဲ့အချိန်မှာစာပေတွေကိုလေ့လာစေလိုကြောင်း၊ ပညာသည်အိုသည်မရှိ ပညာတတ်မြောက်မှသာ အမှားအမှန်ဝေဖန်နိုင်မည်ဖြစ်ကြောင်း၊ စာကိုကြိုးစားသင်ယူသင့်ကြောင်း၊ အကောင်းအဆိုးခွဲခြားတတ်စေရန် အခြားသောပြင်ပဗဟုသုတများကိုလည်း ရှာဖွေသင့်ကြောင်း၊ စာအုပ်စာပေများသည် မည်မျှပင်ဟောင်းနွမ်းစေကာမူ ပညာဗဟုသုတများစွာ ရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဦးစီးမှူးက အားကစားပစ္စည်းများကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ကျောင်းစာကြည့်တိုက်အတွက် ဂျာနယ်စာစောင်များကိုလည်းကောင်း လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း