သာကေတ ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့်အဖွဲ့သည် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက သာကေတမြို့နယ်သို့ရောက်ရှိလာကာ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျန်းမာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခိုင်ကလျာစော၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာကေတမြို့နယ်ဦးစီးမှူး ဦးကျော်မင်းဦး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညွန့်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း၊ မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စုစုလွင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စုစုလွင်တို့က လတ်တလော ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေး ဆောင်ရွက်နေမှု အခြေအနေများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအား ရှင်းလင်းတင်ပြရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်၊ (၂) မြောက်ရပ်ကွက်၊ သဒ္ဒါရုံစည်ပင်ဝင်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလျက်ရှိသည့် လိုင်း(၃)၊ အခန်း(၁၂) နေအိမ်သို့လည်းကောင်း၊ (၁)ထူပါရုံရပ်ကွက်၊ ထူပါရုံအနောက်(၈)လမ်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် နေအိမ်သို့လည်းကောင်း၊ (၁)အနော်မာရပ်ကွက်၊ ရွှေမေတ္တာအပြင်လမ်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် နေအိမ်သို့လည်းကောင်း သွားရောက်ကာနေအိမ်များနှင့် လမ်းများအတွင်း သန့်ရှင်းမှုရှိ/မရှိကြည့်ရှုစစ်ဆေးပြီး အမှတ်(၁) ဈေးအပြင်တန်းရှိ ဈေးဆိုင်ခန်းများနှင့်ဈေးရောင်းချနေမှုများ သန့်ရှင်းမှုရှိ/မရှိ ကြည့်ရှု့စစ်ဆေး ကာ ကျန်းမာရေးနှင့်ပတ်သက်သည့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)