ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း သာကေတမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

သာကေတ ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သံယဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်းတို့နှင့်အတူလိုက်ပါလျက် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က သာကေတမြို့နယ်သို့ရောက်ရှိလာကာ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စုစုလွင်၊ မြို့နယ်စည်ပင်ရေသန့်တာဝန်ခံ၊ လမ်းတံတားတာဝန်ခံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေးခန်းမဆောင်တွင် ပြင်းထန်ဝမ်းပျက် ဝမ်းရောဂါကြိုတင်ကာကွယ်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်တွင်ဝမ်းပျက်ဝမ်းလျှောရောဂါတွေ့ရှိမှု၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေရှင်းလင်းတင်ပြပြီး သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးကျော်သူက မြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များဖြင့် အဖွဲ့ (၁၉) ဖွဲ့ဖြင့် ကာကွယ် ထိန်းချုပ်ရေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးပြီး၊ မြို့နယ်အတွင်း အဖွဲ့ (၁၉) ဖွဲ့အပြင် အဖွဲ့ငယ်များ ထပ်မံဖွဲ့စည်းရန်လိုအပ်ကြောင်း၊ ရောဂါပိုးတွေ့လူနာများအား အချိန်မီသိရှိပြီး ဆေးကုသမှုခံယူစေခြင်း၊ ဆေးရုံအချိန်မီ တက်ရောက်စေပြီး၊ ပိုးတွေ့ နေအိမ်နှင့် အနီးပတ်ဝန်းကျင်နေအိမ်များကို ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဖြစ်သော ကလိုရင်းခပ်ခြင်း၊ ထုံးဖြူးခြင်း၊ ရေသန့်ဆေးပြားများဝေငှခြင်းများကို အဓိကထားဆောင်ရွက်ရန်လိုကြောင်း၊ လူနာများအနေဖြင့် ဆေးရုံတက်/မတက် အခြေအနေကို တာဝန်ရှိသူအဆင့်ဆင့်က နေ့နေ့ညည သတင်းပေးစေလိုကြောင်း၊ ရပ်ကွက်အလိုက်အနေဖြင့်လည်း ဖြစ်ပွားမှုတည်နေရာကို ရပ်ကွက်အလိုက် မြေပုံပေါ်တွင်ထားရှိရန်လိုအပ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အစားအသောက်၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းစေခြင်းနှင့် အစားအသောက်များ ချက်ပြုတ်ရာတွင် သန့်ရှင်းအောင်ဆောင်ရွက်စေလိုကြောင်း၊ မြို့နယ်မှရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များရှိပါက တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ခရိုင်အတွင်း ၂၀ လီတာရေဘူးများ၊ ကလိုင်းဆေးဖျော် စပ်သည့်ရေပုံး၊ ကြိုးများဝယ်ယူရန် ငွေကျပ်သိန်း (၁၀၀) ထောက်ပံ့ပေးအပ်ခဲ့ ပြီး၊ တိုင်းဒေသကြီးစည်ပင်သာယာဝန်ကြီးက စည်ပင်ရေကားများတွင် ကလိုရင်းဆေးခပ်မှု အခြေအနေ၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးက ရေသန့်စက်ရုံများစစ်ဆေးခဲ့မှုအခြေအနေ၊ FDA မှလိုင်စင် ထုတ်ပေးခဲ့မှုအခြေအနေများကိုရှင်းလင်းတင်ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စုစုလွင်က ပိုးတွေ့လူနာများဆေးကုသမှု အခြေအနေ၊ ရပ်ကွက်အတွင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး (ကျောက်တိုင်) အနီးရှိ မြို့တော်စည်ပင်ရေသန့်ဖြန့်ဖြူးရေးဌာနသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)