ပျဉ်းမနားမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ

ပျဉ်းမနား ဇူလိုင် ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ဦးစီးကျင်းပသည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က ဟောပြောပွဲနှင့် ပြပွဲများကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ နွေးဦးကိုကိုက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ နိုင်ငံ‌တော်အပေါ် တာဝန်သိသိသစ္စာရှိရှိဖြင့် ကိုယ်ကျိုးမဖက် အသက်ကိုပဓာနမထားဘဲ ကြိုးပမ်းအားထုတ်ခဲ့ပုံများ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှု သမိုင်းကြောင်းများ၊ အာဇာနည်စိတ်ဓာတ်ဆိုသည့် အဓိပ္ပာယ်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းစုယဉ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတုယူဖွယ်၊ မှတ်သားဖွယ်ရာများနှင့် စာပေလေ့လာဖတ်ရှုပြီး မိမိတို့ဘဝ အောင်မြင်တိုးတက်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည်နေ့ ဂုဏ်ပြုကဗျာများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓာတ်ပုံများနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပျဉ်းမနား)