ကွန်ဟိန်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၂၄ ခုနှစ်၊ မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က တပ်နယ်အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများကွင်းအတွင်းသို့ နေရာယူပြီး နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် စစ်ကြောင်းမှူးမှ ဦးဆောင်၍ မြို့နယ်ပညာရေးမှူးအား အလေးပြုကြသည်။
ထိုနောက် စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကြောင်းမှူးမှ ဦးဆောင်၍ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုအလေးပြုခဲ့သည်။ ယင်းနောက် စစ်ဗျူဟာ အခြေချ(ကွန်ဟိန်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ပြိုင်ပွဲဝင်အသင်းများကို လိုက်လံ တွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီး ထို့နောက် စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့်တပ်မဟာ(၉၉၆)မှ ဘင်ခရာတပ်ဖွဲ့နှင့် အားကစားပြိုင်ပွဲများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာတာဝန်ရှိသူများက လက်ခံခဲ့ပြီးနောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများကွင်းအတွင်း မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
အဆိုပါ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၃၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အမျိုးသားအမျိုးသမီး စုစုပေါင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)