စဉ့်ကိုင် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ.လ.က(ခွဲ) (တရုတ်စု)နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အသင်းအဖွဲ့တို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေများနှင့်ထိတွေ့ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များကို အောက်မေ့သတိရစေရန်၊ အသိပညာဗဟုသုတနှင့် ပြည့်စုံပြီး နိုင်ငံတော်အတွက် အနာဂတ်သာကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရေး၊ လူအများအလယ်တွင် ရဲဝင့်စွာပြောဆိုပြုမူတတ်စေရေး၊ နှုတ်မှုစွမ်းရည်များ တိုးပွားလာရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းခဲ့သည်။
၎င်းနောက် အ.လ.က(ခွဲ)(တရုတ်စု)မှ အလယ်တန်းအဆင့် ကျောင်းသား/များက စာစီစာကုံးပြိုင်ပွဲ တွင် “မိုးနှင့်မျက်ရည်ပြိုင်သောနေ့” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ဦးရေ (၁၈)ဦးဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် "အာဇာနည်နေ့မြင်ကွင်းများ"ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် (၁၆)ဦးဖြင့်လည်းကောင်း အသီးသီး ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)