မော်လမြိုင် ဇူလိုင် ၁၆
၂၀၂၄ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝမ်းနည်းသတိရဖွယ် အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိ နားလည်စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူတန်ဖိုးထားပြီး အမှတ်ရနေစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးပြီး မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ဗိုလ်ဗိုလ်က မြန်မာတစ်မျိုးသားလုံးအတွက် နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဇူလိုင်(၁၉)ရက်နေ့တွင်ရောက်ရှိမည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူမမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများနှင့် ယနေ့ခေတ်လူငယ်၊ လူရွယ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ် ကိန်းအောင်းနေစေရေးစသည်တို့ကို ဆွေးနွေးဟောပြောပေးခဲ့သည်။
ထို့နောက် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်ကိုးဦးအတ္ထုပ္ပတ္တိဆိုင်ရာအကြောင်းအရာများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)