နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဇူလိုင် ၁၆

၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမင်းဦးနှင့် ဦးဟန်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် စားပွဲတင်တင်းနစ် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်၊ စားပွဲတင်တင်းနစ် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် စားပွဲတင်တင်းနစ်အားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားစေခြင်းဖြင့် စားပွဲတင်တင်းနစ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်း၊ စားပွဲတင်တင်းနစ်အားကစားနည်းသည် သွက်လက်ဖျတ်လတ်မှု၊ ခံနိုင်ရည်နှင့် သက်လုံကောင်းမွန်မှု၊ နည်းစနစ်ပိုင်းကျွမ်းကျင်မှုနှင့် တစ်ဖက်ပြိုင်ပွဲဝင်အားကစားသမား၏ အားနည်းချက်ကို ချက်ချင်းပြန်လည်အသုံးချနိုင်မှုတို့ကို အဓိကထားရသည့် အားကစားနည်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိတို့အသင်းအနိုင်ရရှိစေရန် အနိုင်မခံ အရှုံးမပေးဘဲ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရမှာဖြစ်ကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာစေရန် ကြိုးစားယှဉ်ပြိုင်သွားကြရန်ပြောကြားပြီး ၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက် (၂၅) နှစ်အောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် ပုဗ္ဗသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်ရှစ်မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)