ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကျင်းပ

ဇေယျာသီရိ ဇူလိုင် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြိုနယ်၊ ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား ဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ ယခုလို ပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြပွဲများ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ကလေးငယ်များအား ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲသို့ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သူရအောင်(ဇေယျာ)