မိုင်းဖြတ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က မြန်မာ့သမိုင်းတွင် သမိုင်းဝင်နေ့ထူးနေ့ရက် များစွာရှိကြောင်း၊ သမိုင်းဝင်နေ့ထူးနေ့ရက်များထဲမှ အာဇာနည်နေ့သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးအား မသမာသူတို့၏ လုပ်ကြံသတ်ဖြတ်ခံရသည့် နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ပုံနှင့် ထိုနေ့သည် မြန်မာနိုင်ငံပြည်သူပြည်သားတို့၏ ကြေကွဲဖွယ် သမိုင်းဝင်နေ့ဖြစ်ပုံ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့အပ်ပုံနှင့် ၁၉၄၇ ခုနှစ်မှ စတင်ကာ ယခုနှစ် ၂၀၂၄ ခုနှစ်တွင် (၇၇) နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)