သန်လျင်မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ရေသန့်စက်ရုံများနှင့် အခြေခံပညာကျောင်းများအား တိုင်းဒေသကြီးဝန်ကြီး ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၁၅

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်င်ရေးအတွက် ရေသန့်စက်ရုံများနှင့် အခြေခံပညာကျောင်းများအား ယနေ့နံနက် (၈) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း လာရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးအား သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ သန်လျင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာချောနန္ဒီနှင့် ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးသည် သန်လျင်မြို့နယ်အတွင်းရှိသွားရောက်၍ သန့်ရှင်းသောသောက်သုံးရေများကို FDA ၏စစ်ဆေးခွင့်ပြုချက်ဖြင့် စနစ်တကျ ထုတ်လုပ်ဆောင်ရွက်သွားရန်၊ ကျောင်းမုန့်ဈေးတန်းနှင့် အများသုံးသန့်စင်ခန်းများတွင် လက်ဆေးဆပ်ပြာနှင့် ရေလုံလောက်စွာ ထားရှိရေး၊ ကျောင်းကျန်းမာရေးအဖွဲ့၏ စိစစ်ခွင့်ပြုချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား သန့်ရှင်းသောအစားအစာများ ရောင်းချပေးနိုင်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ပိုးတွေ့လူနာ၏ နေအိမ်သို့သွားရောက်၍ မိသားစုအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ