ပုဗ္ဗသီရိမြို့နယ်၌ အစေ့ထုတ်ပြောင်း (၄၆၅) ဧကနှင့် ဖူးစားပြောင်း (၁၂၂) ဧက စိုက်ပျိုးပြီးစီး

ပုဗ္ဗသီရိ ဇူလိုင် ၁၆

ပုဗ္ဗသီရိမြို့နယ်တွင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် အစေ့ထုတ်ပြောင်း လျာထားဧက (၉၈၆) ဧကအနက် (၄၆၅) ဧကနှင့် ဖူးစားပြောင်း (၂၈၁) ဧကအနက် (၁၂၂) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ယခင်နှစ် မိုးရာသီ အစေ့ထုတ်ပြောင်း (၉၈၆) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ တစ်ဧက ပျမ်းမျှအထွက်နှုန်း (၆၉) ဒသမ (၃၅) တင်းနှုန်း ထွက်ရှိကြောင်း၊ ယခုနှစ် အစေ့ထုတ်ပြောင်း (၄၆၅) ဧက လျာထားစိုက်ပျိုးပြီး၊ မိုးရာသီဖူးစားပြောင်းကို ယခင်နှစ် (၂၈၁) ဧက စိုက်ပျိုးခဲ့ရာ တစ်ဧကပျမ်းမျှ ပြောင်းဖူးအရေအတွက် (၆၈၀၀) ဖူး ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ဖူးစားပြောင်း (၁၂၂) ဧက လျာထားစိုက်ပျိုးပြီးစီးရာ တောင်သူများအနေဖြင့် မေလဆန်းတွင် စတင်စိုက်ပျိုးကြရာ ဇူလိုင်လထိ အစေ့ထုတ်ပြောင်း (၄၆၅) ဧက၊ ဖူးစားပြောင်း (၁၂၂) ဧက စိုက်ပျိုးနိုင်ကြောင်းသိရပြီး၊ ပြောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အပင်ပြုစုမှုနည်းစနစ်များကို လက်တွေ့အသိပညာပေးလုပ်ငန်းများနှင့် ပေါင်းစပ်၍ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာဖြင့် ပိုးမွှားများ ကင်းစင်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊  သဘာဝမြေဩဇာ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေး ပြုလုပ်သုံးစွဲရေးစသည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကာ အသိပညာပေးလျက်ရှိရာ၊ ပုဗ္ဗသီရိမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်းရာသီအလိုက် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)