ဒဂုံတောင် ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို ယာဉ်ထိန်းတပ်ဖွဲ့ကဆောင်ရွက်လျက်ရှိပြီး မိမိတို့ကော်မတီအနေဖြင့် ထိရောက်အောင်မြင်စွာဆောင်ရွက်ရာတွင် ယခုအစည်းအဝေးမှ ဘယ်လိုတွေဆောင်ရွက်ကြမယ်၊ ဘယ်လိုဖြေရှင်းမှုတွေလိုအပ်တယ်ဆိုတာ ဆွေးနွေးသွားကြရမှာဖြစ်တဲ့အတွက် တက်ရောက်လာသူများက ဆွေးနွေးတင်ပြပေးကြရန် လမ်းညွှန်ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်တရားရုံးတို့မှ လူထူထပ်သည့်ကားမှတ်တိုင်များတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ထူထပ်မှုမဖြစ်စေရေး၊ လမ်းအသုံးပြုသူများကို လေ့ကျင့်ပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးခြင်း၊ ယာဉ်စစ်ဆေးမှုများပြုလုပ်ခြင်း၊ CCTV များ ကောင်းမွန်စေရေးအမြဲစစ်ဆေးပေးခြင်း စသည်ဖြင့် ဆောင်ရွက်ရမည့်အစီအစဉ်များအား ဆွေးနွေးတင်ပြကြသည်။
တင်ပြလာမှုအပေါ် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မှတ်တိုင်ရွှေ့ရန်များ၊ (၂)ပတ်တစ်ကြိမ် ကွင်းဆင်းရန်များ၊ CCTV ပြင်ဆင်ရန်ရှိသည်များကို အစည်းအဝေးဆုံးဖြတ်ချက်ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။
နေမျိုးအောင်