ငါန်းဇွန်မြို့၌ အသိပညာပေးဟောပြောပွဲနှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များခင်းကျင်းပြသခြင်းဆောင်ရွက်

ငါန်းဇွန် ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျောင်းသားကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲနှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အသိပညာပေးဟောပြောပွဲကျင်းပရာ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်း ကျောင်းမှ (Grade-11၊ Grade-10)ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချိုမြင့်ကြည်က ကလေးသူငယ်နှင့်ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းများ၊ ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သား ပေါင်းမည်မျှရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကလေး လုပ်သားပပျောက်ရေးနှင့်ပတ်သက်ပြီး ဉပဒေပြဌာန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေခြင်းတွေက ဘာတွေလဲ၊ ကလေးလုပ်သား ပပျောက်ရန် လုပ်ဆောင်နေမှုများ စသည့်အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူရေးရာ အသိပညာပေး ခေါင်းစဉ်ဖြင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူပြည်သူများ ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားရမည့်နေရာ စသည်ဖြင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။    

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် ဝန်ထမ်းများက ရုံးဝင်းအတွင်းပြသထားသော လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးမှတ်တမ်းများ နံရံကပ်စာစောင်၊ မှတ်တမ်းဓာတ်ပုံများကိုလည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များကိုလည်းကောင်း ကျောင်းသား၊ကျောင်းသူများအား လှည့်လည်ရှင်းလင်း ပြသပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)