ချမ်းအေးသာစံ ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးရာဝန်ကြီးဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ လိုက်ပါပြီးမန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှတာဝန်ယူ၍ရေအရင်း အမြစ်မျိုးစုံမှရေများရယူကာ သန့်စင်ပြီးရေများကို ရေသိုလှောင်ကန်သို့ ပို့ဆောင်ပြီး ရေတွန်းစက်ရုံရှိ ရေတွန်းစက်များဖြင့် ရေဖြန့်ဖြူးရေးကွန်ယက်အတွင်းသို့ တွန်းလွှတ်ကာ စည်ပင်မှ ရေယူထားသောရေသွယ်များမှတဆင့် ရေအသုံးပြုသူများထံ နေ့စဉ်ရေဖြန့်ဖြူးပေးဝေနေသည့် ရေတွန်းစက်ရုံများသို့ ယမန်နေ့မွန်းလွဲပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီ မြစ်ရေကိုစုပ်တင်သည့် ရေယူနေရာသို့လည်းကောင်း၊ အမှတ် (၁၂)ရေတွန်းစက်ရုံ သို့လည်းကောင်း၊ အမှတ်(၄)ရေတွန်း စက်ရုံသို့လည်းကောင်း၊ အမှတ်(၃)ရေတွန်း စက်ရုံသို့လည်းကောင်း၊ ထိုမှတဆင့် ဒုဌဝတီမြစ်ရေကို စုပ်တင်သည့်ရေယူနေရာသို့ လည်းကောင်းသွားရောက်ခဲ့သည်။
အဆိုပါနေရာများသို့ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်အား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရေနှင့်သန့်ရှင်းမှုဌာန၊ ဌာနမှူး ဦးထွန်းဝင်းက မန္တလေးမြို့နေပြည်သူလူထုအား မြေအောက်ရေ၊ ဧရာဝတီမြစ်ရေ၊ ဆည်တော် ကြီးရေ၊ ဒုဌဝတီမြစ်ရေ စသဖြင့် ရေအရင်းအမြစ်မျိုးစုံမှ ရေများရယူ၍ မြို့နေလူထုသောက်သုံးရေအတွက် နေ့စဉ်ရေဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက် နက် ၁၆၀ မီတာ၊ အချင်း ၄၀၀ မီလီမီတာရှိ စက်ရေတွင်း ၃၀ တူးဖော်ပြီး Vertical Turbine Pump များသုံး၍ ဂါလန် ၅ သန်းဆန့် အမှတ် ၁ ရေတွန်းစက်ရုံသို့ ပို့ဆောင်ကာ နေ့စဉ်ရေဖြန့် ဖြူးလျက်ရှိပါကြောင်း၊ ထို့အတူ ဧရာဝတီမြစ်အတွင်း ရေအတက်အကျအပေါ် မူတည်၍ Pontoon အသုံးပြုပြီး ဂါလန် ၈ သန်းဆန့်အမှတ် ၈ ရေတွန်းစက်ရုံသို့ ပေးပို့၍ ထိုမှတဆင့် ဂါလန် ၂.၅ သန်းဆန့် မန္တလေးတောင်ရေလှောင်ကန်၊ ဂါလန် ၁.၅ သန်းဆန့် အမှတ် ၃ ရေတွန်း စက်ရုံသို့ ပေးပို့၍ ရေဖြန့်ဖြူးပေးနေပါကြောင်း၊ ဆည်တော်ကြီးမှရေအား ကျုံးအတွင်းပေး သွင်းနေသော ရေစစ်ကန်မှတဆင့် အမှတ် ၄ ရေတွန်းစက်ရုံရှိ ဂါလန် ၄ သန်းဆန့် ကန်အတွင်းထည့်၍ သန့်စင်ပြီး မြို့၏အရှေ့မြောက်ဘက်အပိုင်းအား ရေဖြန့်ဖြူးပေးနေပါကြောင်း၊ ထို့အပြင် မြို့တွင်းနေရာအနှံ့တွင် ပုဂ္ဂလိကစက်ရေတွင်းများဖြင့် မြေအောက်ရေရယူအသုံးပြုလျက်ရှိနေပါကြောင်း၊ ၂၀၂၁ ခုနှစ်မှစ၍ ဒုဌဝတီမြစ်ရေတင်လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့ရာ ရေယူ အဆောက်အအုံ၊ ဂါလန် ၄ သန်း ဆန့် ရေသိုလှောင်ကန် ၊ ၄၀၀ မမ ရေပို့ပိုက်လိုင်း ၅၀၀၀ မီတာခန့် ချထားဆောင်ရွက် ပြီးဖြစ်၍ မကြာမီ မြို့၏အရှေ့တောင်ဘက်ခြမ်းသို့ ရေဖြန့်ဖြူးပေးဝေနိုင်မည်ဖြစ်ပါကြောင်း လိုက်ပါရှင်းလင်းပြသခဲ့သည်။
ထိုသို့ ရှင်းလင်းပြသမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ယူ၍ မြို့နေ ပြည်သူလူထုထံ သောက်သုံးရေ ဖြန့်ဖြူးပေးလျက်ရှိရာ ရေအရင်းအမြစ်မျိုးစုံမှ ရေရယူ ဖြန့်ဖြူးပေးနေခြင်းဖြစ်၍ အကြောင်းတစ်ခုခုကြောင့် ရေအရင်းအမြစ်တစ်ခုခုမှ လျော့နည်းသွားပါက အခြားသောရေအရင်းအမြစ်များမှ ရေကိုနည်းမျိုးစုံ အသုံးပြု၍ ရေရယူပြီး မြို့နေပြည်သူလူထုထံ ရေဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်စဉ်းစားစီမံဆောင်ရွက်ထားရှိရန် မှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်