ချမ်းအေးသာစံ ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကို ယမန်နေ့ နံနက်ပိုင်းကမန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်က စားရေရိက္ခာဖူလုံရေးအတွက် အလေး ထားဆောင်ရွက်လျက်ရှိပြီး လယ်ယာမြေများ မလျော့ပါးရေး မူဝါဒအရ စိုက်ပျိုးမြေများအဖြစ် အသုံးပြု၍ရသည့် မြေလွတ်၊ မြေရိုင်းများကို အသုံးပြုနိုင်ရေး အားပေးဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္ထုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာမှုများအပေါ် စိစစ်၍ ခွင့်ပြုချထားပေးလျက်ရှိပါကြောင်း၊ လုပ်ကိုင်ခွင့်ရရှိသူများအနေဖြင့် ခွင့်ပြုခွင့်ချထားပေးသည့်လုပ်ငန်းများကို အကျိုးရှိစွာ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာရန်ပျက်ကွက်ပါက ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် အမှုတွဲ ၁၇ တွဲကို တင်ပြဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များနှင့် တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်