ချမ်းအေးသာစံမြို့နယ် အ.ထ.က (၁၂)တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၁၆

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာန အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသိ ပညာပေး နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲတွင် အ.ထ.က (၁၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့ခိုင်က အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပရခြင်းနှင့် နံရံကပ်စာစောင်ပြသရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ဆရာမဒေါ်အေးသန္တာက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်သူရဲကောင်းကြီးများ၏အကြောင်းများနှင့်  အာဇာနည်စိတ်ဓာတ်ထားရှိရေးတို့ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီး(၉)ဦး၏ ကိုယ်ရေးအထုပ္ပတ္တိများ၊ မှတ်တမ်း ဓါတ်ပုံများကို ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းနိုင်