ချမ်းအေးသာစံ ဇူလိုင် ၁၆
အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေနဲ့ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ ဉာဏ်ပညာထက်မြတ်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ အတွေးအခေါ်မှန်ကန်ရေး၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်လူရွယ်များ ဖြစ်ပေါ်စေရန်ရည်ရွယ်ကာ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလေးပညာရေးဒီဂရီ ကောလိပ်တို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက ပညာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းကို မန္တလေးပညာရေးဒီဂရီကောလိပ်တွင် တက်ရောက်လျက်ရှိသော ကျောင်းသားကျောင်းသူများမှ လောကအလှဥယျာဉ်ကြီး တည်ဆောက်ကြပါစို့ သီချင်းသီဆို ဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ကြည်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မန္တလေး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး ဦးဆောင်ကာ မန္တလေးပညာရေးဒီဂရီကောလိပ်တွင် တက်ရောက်လျက်ရှိသော ကျောင်းသားကျောင်းသူများက မဇင်မာထွေး၊ မဂျူးဂျူးဟန်၊ မထက်ဝေလွင်၊ အောင်အာကာဖြိုး၊ မောင်အောင်ဇင်ဦးနှင့် မောင်ဟိန်းထက်နိုင်တို့က လူငယ်နှင့်နည်းပညာ၊ လူငယ်များအတွက် သင်ယူမှုသင်ယူခွင့် ဖန်တီးပေးရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ဗလငါးတန်၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ပြန်လည်ဆွေးနွေးမေးခွန်းများ မေးမြန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်