တာချီလိတ်မြို့၌ ရွှေဝါနဒီပန်းခြံအဆင့်မြှင့်တင်တည်ဆောက်ရေးနှင့် မြို့အထိမ်းအမှတ် နာရီစင်တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

တာချီလိတ် ဇူလိုင်  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စည်ပင်သာယာ‌ရေးဌာနပိုင် ရွှေဝါနဒီပန်းခြံအား မြို့အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်တည်ဆောက်ရေးနှင့် မြို့အထိမ်းအမှတ်အဖြစ် နာရီစင်တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ရွှေဝါနဒီပန်းခြံအတွင်း ၂ ထပ်ဆိုင်ခန်းများ ဆောက်လုပ်နေမှုအခြေအနေများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားချက်များအပေါ် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ရွှေဝါနဒီပန်းခြံ၏ မြို့ပတ်လမ်းဘက် မြေနေရာတွင် မြို့အင်္ဂါရပ်နှင့်အညီ ဈေးဆိုင်ခန်းများ ဆောက်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၄ ခုမှ ၂ ထပ်ဈေးဆိုင်ခန်းများနှင့် Shopping Complex တို့အား စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ ဆောက်လုပ်လျက်ရှိကြောင်း၊ ပန်းခြံအတွင်း အများပြည်သူများ အပန်းဖြေအနားယူနိုင်ရန် ရေပန်းဥယျာဉ်များ၊ လျှောက်လမ်းများ၊ View Point များ၊ ကားပါကင်များ၊ လမ်းမီးတိုင်များအား စုစုပေါင်း တန်ဖိုးငွေကျပ် ၁၂၇၀ သန်း အကုန်ကျခံကာ ကုမ္ပဏီလေးခုတို့မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွှေဝါနဒီပန်းခြံတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် လွယ်ကထုံမီးမျှောပွဲကို ပန်းခြံဧရိယာ၏ ချောင်းဘက်ခြမ်းတွင် မီးမျှောနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် မြို့အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေးတံတား အမှတ် ၁ အနီးရှိ အဝိုင်းပတ်တွင်  မြန်မာ၊ လာအို၊ ထိုင်း သုံးနိုင်ငံ ကိုယ်စားပြု လှပခေတ်မီသော သုံးဘက်မြင် နာရီစင်အား တည်ဆောက်ရန် လျာထားလျက်ရှိရာ တင်ဒါရရှိသည့် ကုမ္ပဏီ ၄ ခုနှင့်အတူ တာချီလိတ် မြို့မိမြို့ဖ လုပ်ငန်းရှင်အဖွဲ့များမှ စုပေါင်းလှူဒါန်းငွေကျပ် ၃၇၀ သန်း အကုန်ကျခံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ပန်းခြံအဆင့်မြှင့်တင်တည်ဆောက်ရေးနှင့် မြို့အထိမ်းအမှတ် နာရီစင်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီများ ဖွဲ့စည်းထားရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း လျင်မြန်အဆင်ပြေချောမွေ့စွာ ပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)