ပုဗ္ဗသီရိမြို့နယ်၊ ကြံဖိုစုကျေးရွာ၌ စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပုဗ္ဗသီရိ ဇူလိုင် ၁၆

ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ကြံဖိုစုကျေးရွာ ဓမ္မာရုံတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးကို အဓိကဦးတည်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးအတွက် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ သင်တန်းနည်းပြများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ကျေးလက်နေပြည်သူများ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပြီး တစ်ပိုင်တစ်နိုင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များပေါ်ထွက်လာပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းငယ်မှသည် အလတ်စား၊ အကြီးစားစက်မှုလက်မှုလုပ်ငန်းများအထိ တက်လှမ်းနိုင်စေရန်အတွက် သင်တန်းတက်ရောက်သူများအနေဖြင့် စနစ်တကျလေ့လာသင်ယူကြရန် တိုက်တွန်းမှာကြားခဲ့ပြီး နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက စီမံကိန်းကော်မတီဝင်များအား စီမံကိန်းဝတ်စုံများ ပေးအပ်ခဲ့သည်။ စက်ချုပ်သင်တန်းတွင် ဘာသာရပ် (၁၃)မျိုးကို ဇူလိုင်လ ၁၅ ရက်မှ ဩဂုတ်လ ၁၅ ရက်နေ့ထိ တစ်လကြာ နည်းပြများမှ ကျွမ်းကျင်စွာ လက်တွေ့​အသုံးချနိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သင်တန်းတွင် ထူးချွန်ပြီး အမှန်တကယ် လုပ်ငန်းပြန်လည်လုပ်ကိုင်မည့်သူ (၅)ဦးကို ရွေးချယ်ပြီး အပ်ချုပ်ဆိုင်ဖွင့်နိုင်သည့်အထိ တစ်ဦးလျှင် ကျပ်(၁၄)သိန်းနှုန်းနှင့်ညီမျှသည့် အပ်ချုပ်စက်၊ ဘီတင်စက်၊ ဓားစက်၊ ထုပ်သီးရိုက်စက်တို့ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)