လယ်ဝေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

လယ်ဝေး ဇူလိုင် ၁၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောပြီး စာပေဗိမာန်ဆုရ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က အာဇာနည်တို့တွင်ထားရှိသော စိတ်ဓာတ်၊ အာဇာနည်ဟူသည်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)