ခရမ်း ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ခရမ်းမြို့၊ အ.ထ.က(၁)၊ စိန်ရတုအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတရရှိမည့်စာပေများကို လေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့် အတွေးအခေါ်များမြင့်မားလာပြီး အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန် ဟောပြောခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းရှိ/မရှိ အကြောင်းအရာများ၊ မြန်မာဘာသာဖြင့်ရေးသားထားသော အစားအစားများကိုသာ စားသုံးရန်နှင့် စားသုံးသူအခွင့်အရေး(၈)ချက်ပါ အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်လှမြတ်ထက်က ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ရောဂါပိုးကူးစက်ပုံ၊ ရောဂါလက္ခဏာများ၊ ရောဂါကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ၊ ရာသီတုပ်ကွေးကူးစက်ပုံနှင့် ကာကွယ်ရန်နည်းလမ်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်ပိုစတာများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ကြကြောင်း သိရသည်၊၊
ခရမ်း (ပြန်/ဆက်)