ဒလမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ဒလ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သီတာဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် မြို့နယ်စာကြည့်တိုက်ဥက္ကဋ္ဌ ဦးသန်းဝင်းက အာဇာနည်(၉)ဦးအကြောင်း ဟောပြောခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြသည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

အေးမြမိုး (ပြန်/ဆက်)