ပြင်ဦးလွင် ဇူလိုင် ၁၅
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်မိုးလှိုင်လှိုင်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ပြင်ဦးလွင်မြို့နယ်၊ မြေတိုင်းကျောင်းခန်းမတွင် ကျင်းပသည်။
ဦးစွာ ဒေါ်မိုးလှိုင်လှိုင်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ချုပ်သူ ဆရာကြီး ဦးထင်အောင်မြင့်က အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗမာလူမျိုးစာပေနှင့်ယဉ်ကျေးမှုအသင်းခရိုင် ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက စာရေးဆရာ ကိုရွှေအောင်သင်း၏ ကိုယ်ရေးအကျဉ်းအား ဖတ်ကြားပြီး စာရေးဆရာ ကိုရွှေအောင်သင်းက “အနာဂတ်ကို ပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအပေါ် ကျောင်းသား/သူများနှင့် အပြန်အလှန် ဆွေနွေးမေးမြန်းခဲ့ရာ ကျောင်းသား/သူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် အိမ်ခြံမြေဖွံ့ဖြိုး တိုးတက်ရေးအသင်း ပြင်ဦးလွင်ခရိုင်ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ဒေါ်မိုးလှိုင်လှိုင်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အလို့ငှာ နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသပေးသည်။ အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/သူ(၂၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး (ပြန်/ဆက်)