ဖျာပုံ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်စေရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေတိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်း ပညာသင်တန်းဖွင့်ပွဲကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက် (၉) နာရီ အချိန်က ဖျာပုံမြို့နယ် သမိန်ထောကုန်းတန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်ဝင်းက အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်စေရေး၊အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးလိုက်သည့် အတတ်ပညာများကို စနစ်တကျ သေချာစွာ လေ့လာမှတ်သားပြီး၊ မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဝင်ငွေတိုးတစ်ပိုင်တစ်နိုင် စီးပွားဖြစ်ဆောင်ရွက်နိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။ထို့နောက် သမိန်ထောကုန်းတန်းကျေးရွာ စီမံကိန်းကော်မတီအဖွဲ့ခေါင်းဆောင်ဦးဝင်းဦးက ကျေးရွာအုပ်စုကိုယ်စား နေပြည်တော်တွင် စီမံကိန်းသင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဖျာပုံခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမိန်ထောကုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများတက်ရောက်ကြပြီး အခြေခံစက်ချုပ်နည်းပညာ သင်တန်းကို (၁၅-၇-၂၀၂၄) မှ (၁၃-၈-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး အခြေခံစက်ချုပ်နည်းပညာမွမ်းမံသင်တန်းကို (၂၃-၈-၂၀၂၄)မှ (၆-၉-၂၀၂၄) ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသူ (၅) ဦးအားရွေးချယ်၍ အသေးစားကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်စေရန်အတွက် အပ်ချုပ်စက်နှင့်ဆက်စပ်ပစ္စည်းများ၊ ပေးအပ်ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း ဖျာပုံခရိုင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်
ခရိုင်(ပြန်/ဆက်)