မြင်းခြံ ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းချို၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ သည်။ ထို့နောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူး ဦးဆန်းမြင့်ထွန်းက စက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ နေပြည်တော်တွင် သင်တန်းတက်ရောက်ခဲ့သော သင်တန်းသားတစ်ဦးက သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။
“လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ဝင်ငွေများ တိုးပွားလာစေရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ အမျိုးသမီးများ အိုးမကွာအိမ်မကွာဖြင့် အလုပ်အကိုင်ရရှိပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်စေရန်၊ နည်းပညာများကို အသုံးပြု၍ အဝတ်အထည်များကို ဒီဇိုင်းလှပပြီး ဈေးကွက်ဝင် အထည်များ ဖြင့် ထုတ်လုပ်ရောင်းချနိုင်ရန်၊ လုပ်ငန်းထူထောင်သည်အထိ လေ့ကျင့်သင်ကြားပေးခြင်း၊ နည်းပညာကူညီပေးခြင်း၊ လိုအပ်သည့် အကြံဉာဏ်များပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတစ်ဝန်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ တိုးတက် ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေပြီး အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါတယ်”ဟု ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက ပြောသည်။
အဆိုပါ သင်တန်းကို ဇူလိုင်လ (၁၅) ရက်နေ့မှ ဩဂုတ်လ (၁၃) ရက်နေ့အထိ ပထမအကြိမ် အခြေခံစက်ချုပ်နည်းသင်တန်း၊ ဩဂုတ်လ (၂၁) ရက်နေ့မှ စက်တင်ဘာလ (၄) ရက်နေ့အထိ ဒုတိယအကြိမ် မွမ်းမံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းကို သင်တန်းသား/သင်တန်းသူ (၁၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)