မှော်ဘီ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီ၌ မှော်ဘီမြို့မဈေးနှင့် အင်းလျက်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများထံသို့ ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မှော်ဘီခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ အဖွဲ့ဝင်(၂)ဦးဝင်းစိုး၊ မှော်ဘီမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောမြထွန်းနှင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရပ်ကွက်များတွင် ဖြစ်ပွားနေသော ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရန်/ ရှောင်ရန်များ အသိပညာပေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးဗီနိုင်းများ ချိတ်ဆွဲပေးခြင်း၊ အစာမစားမီနှင့် အိမ်သာမှဆင်းလျှင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန်နှင့် ရေစည်ရေအိုးများအတွင်း ကလိုရင်းဆေးခတ်ခြင်း၊ ထုံးမှုန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ပရဟိတအဖွဲ့၀င်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဇော်