နေပြည်တော် ဇူလိုင် ၁၅
ပြည်ထောင်စုနယ်မြ၊ နေပြည်တော်အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အခွန်ဘဏ္ဍာတိုးတက်ကောက်ခံရရှိရေး၊ လယ်ယာမြေများ စနစ်တကျ စီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ခေတ္တအမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာတက္ကသိုလ်များသို့ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် မော်တော်ယာဉ် လမ်းကြောင်း လေးကြောင်းဖြင့် လျာထားပြေးဆွဲလျက်ရှိကြောင်း၊ အဆိုပါယာဉ်လိုင်းပြေးဆွဲမှုကို အများပြည်သူများ သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေးအတွက် ပြည်သူလူထုများနှင့် ခရီးသွားများအား အသိပညာပေးလုပ်ငန်းများ အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ မှန်မှန်ကန်ကန်ပြည့်ပြည့်ဝဝ ရရှိစေရေးအတွက် အခွန်ပမာဏ တိုးမြှင့်ကြီးကြပ်ခြင်းထက် အခွန်နယ်ပယ်များကို ချဲ့ထွင်၍ ကောက်ခံကြရမှာဖြစ်ကြောင်း၊ အခွန်ကင်းလွတ်မှုများ ဖြစ်ပေါ်နေသည့် နယ်ပယ်များအား ရှာဖွေဖော်ထုတ်ခြင်း၊ အခွန်ဆိုင်ရာသတင်းအချက်အလက်များအား ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများက အပြန်အလှန်ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အခွန်ငွေရရှိမှု လအလိုက် တိုးတက်မှုရှိစေရေးအတွက် လုပ်ငန်းများကို ကြပ်ကြပ်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအနေဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံတော်နှင့် အများပြည်သူများအတွက် ရေရှည်အမျိုးသားအကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်စေရး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်၊ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ဘုရားဖူးပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဗန္ဓုလတော်ဝင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ယာဉ်လိုင်း လေးလိုင်းဖြင့် ပြေးဆွဲဆောင်ရွက်နေမှုအခြေအနေများ၊ နေပြည်တော်အတွင်း အခွန်များ တိုးတက်ရရှိရေးနှင့် အခွန်အရပ်ရပ် လျာထားချက်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိစေရေး ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ နေပြည်တော်အတွင်း လယ်ယာမြေများ စနစ်တကျ စီမံခန့်ခွဲရေးကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)