မိုင်းဆတ်မြို့၌ သတင်းရေးသားနည်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်လှစ်

မိုင်းဆတ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ (၂)နာရီက သတင်းရေးသားနည်းသင်တန်းအမှတ်စဉ်(၃/၂၀၂၄) ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က မိုင်းတုံမြို့နယ်၊ မိုင်းခုတ်မြို့၊ ပုံပါကျင်မြို့နှင့် မုံးထမြို့များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် သတင်းရေးသားရာတွင် တိုတိုနှင့်လိုရင်းကို သတင်းဖတ်ရှုသူပရိသတ် နားလည်သဘောပေါက်လွယ်သည့် အသုံးအနှုန်းဖြင့် ရေးသားဖော်ပြရန်၊ သတင်းရေးသားရာတွင် စာလုံးပေါင်းသတ်ပုံမှန်ကန်စေရေး၊ သတင်းအချက်အလက်များ မှန်ကန်တိကျစေရေးနှင့် သတင်းအရည်အသွေးတိုးတက်ကောင်းမွန်စေရေးအတွက် သတင်းရေးသားနည်းသင်တန်းကို ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးလင်းထင်ကျော်က သင်တန်းတွင်ပို့ချမည့် သတင်းဓာတ်ပုံရိုက်ကူးနည်း၊ သတင်းဗီဒီယိုရိုက်နည်း စသည့်သင်ခန်းစာများနှင့်စပ်လျဉ်း၍ မိမိတို့ ဌာနဝန်ထမ်းများအနေဖြင့် စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူကြရန် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သတင်းရေးသားနည်းသင်တန်းအမှတ်စဉ်(၃/၂၀၂၄)သင်တန်းကို ဇူလိုင်လ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့ အထိ (၃)ရက်ကြာ Zoom Application ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး မိုင်းတုံမြို့နယ်၊ မိုင်းခုတ်မြို့၊ ပုံပါကျင်မြို့နှင့် မုံးထမြို့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)