တပ်ကုန်းမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

တပ်ကုန်း ဇူလိုင် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲ သတိတရရှိစေရန် ရည်ရွယ်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြ ဆရာကြီး ဦးစိုးတင့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ မြန်မာတစ်မျိုးသားလုံး အားကျအတုယူမမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများ ဟောပြောခဲ့သည်။ ထို့ပြင် ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅ဝဦး တက်ရောက်ကြကြောင်း  သိရပြီး စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများလည်း ကျင်းပဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်