မာန်အောင်မြို့ မြို့မကျောင်းကြီး ဦးစီးပဓာနနာယက ပျံလွန်တော်မူဆရာတော် (ဘဒ္ဒန္တဣဿရိယ)၏ (၂)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲကျင်းပ

မာန်အောင် ဇူလိုင် ၁၅

ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး၏ဦးစီးပဓာနနာယက၊ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ပျံလွန်တော်မူဆရာတော်ကြီး (ဘဒ္ဒန္တဣဿရိယ)၏ (၂)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ကောင်းမှု အလှူတော်မင်္ဂလာပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားကို ကြွရောက်လာကြသောသံဃာတော်နှင့် တရားနာပရိတ်သတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ပရိတ်သတ်များက မကျည်းကုန်းကျောင်းဆရာတော် ဘဒ္ဒန္တတေဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ မကျည်းကုန်းကျောင်းဆရာတော်ထံမှ သာဓုအနုမောဒနာ တရားတော်မြတ်ကို နာယူပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)