မြစ်သား ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စုရှိ ကင်းတားရေလွှဲဆည်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်တာဝန်ရှိသူများက ယမန်နေ့မွန်းလွှဲပိုင်းက ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်က ကင်းတားရေလွှဲဆည်မှ ရေဖြန့်ဝေပေးမှုအခြေအနေများ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးဦးက မိုးစပါးရေပေးဝေမှုလုပ်ငန်းများနှင့် မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြေရေးဆောင်ရွက်ထားရှိမှု၊ ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေတိုးချဲ့ပေးဝေနိုင်မည့်အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာလွင်ပြင် လျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကင်းတားရေလွှဲဆည် ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာသို့ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ရဲဝင်းထွန်း၊ ခရိုင်ရဲမှူးကြီး ရွှေဦးနှင့် သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး မြတ်သီဟမင်း၊ မြို့နယ်ရဲမှူး ရဲမှူးဌေးဝင်းနှင့် သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သီတာအောင် (မြစ်သား)