တပ်ကုန်း ဇူလိုင် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါစကားဝိုင်းတွင် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဒုတိယကျောင်းအုပ်ဆရာကြီး ဦးစိုးတင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်လွင်စိုးတို့က အသိဉာဏ် ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ မစန္ဒာလွင် (Grade-11)၊ မောင်လပြည့် (Grade-10)၊ မအိဖြူ (Grade-10)၊ မောင်ကောင်းမင်းခန့်(Grade-10)တို့က လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်၊ လူငယ်နှင့်စာဖတ်ခြင်းအလေ့ကျင့်၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား စိတ်ဓာတ်ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ဦးဆောင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ် တင့်တင့်ခိုင်၊ ဒုတိယကျောင်းအုပ်ဆရာကြီး ဦးစိုးတင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်လွင်စိုးနှင့် တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရပြီး၊ လူငယ်စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် လူငယ်များအသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။
တင်စိုးလွင်